
ပုံမှန်လစာ
ကျပ်တစ်သိန်း အထက် ရရှိသော ဝန်ထမ်းများကို ဆမ်ဆောင်း ကုမ္ပဏီထုတ်
အီလက်ထရွန်နစ် ထုတ်ကုန်များ၊ မိုဘိုင်းလ်ဖုန်းနှင့် တက်ဘလက်များ
အရစ်ကျစနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ပန်းဆိုးတန်းလမ်း ဆမ်ဆောင်း
အရောင်းပြခန်းမှ တာဝန်ရှိသူ ဦးကျော်ကျော်ဝင်းကိုက The Voice
သို့ပြောကြားသည်။
အဆိုပါ အစီအစဉ်ကို ပန်းဆိုးတန်း၊ လသာ၊ ဗိုလ်အောင်ကျော်နှင့်
လှည်းတန်းဆိုင်ခွဲ လေးခုစလုံးတွင် ပြုလုပ်မည်ဖြစ်ပြီး လစာကျပ်တစ်သိန်းနှင့်
အထက်ရရှိသော အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ မည်သူမဆို
လာရောက်ဝယ်ယူနိုင်ကြောင်း ၎င်းကပြောဆိုသည်။
ပစ္စည်းတန်ဖိုး၏ ၁ ဒသမ ၄ ရာခိုင်နှုန်း အတိုးနှုန်းဖြင့်
မိုဘိုင်းလ်ဖုန်းများကို ခြောက်လမှ တစ်နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်ပြီး
အခြားအီလက်ထရွန်နစ် ပစ္စည်းများကိုမူ တစ်နှစ်ခွဲမှ ၂ နှစ်အထိ အရစ်ကျ
ပေးသွင်းနိုင်ကြောင်း အဆိုပါ အစီအစဉ် ပြုလုပ်နေသည့် O2 Mobile မှသိရသည်။
“ပစ္စည်းသွားထုတ်ရင် Application Fees ငါးထောင်ပေးရမယ် လို့ ပြောတယ်။
သူတို့ဘက်က စာရွက်စာတမ်းတွေ စိစစ်ပြီးရင် အကြောင်းပြန်ကြားမယ်လို့ ပြောတယ်။
ဘာပဲပြောပြော တစ်နှစ်လောက်ခွဲ သွင်းရမှာဆိုတော့ မဆိုးပါဘူး” ဟု
တယ်လီဖုန်းဖြင့် ဆက်သွယ် စုံစမ်းခဲ့သူ ဒေါ်သိင်္ဂီစိုးက ပြောကြားသည်။
ကုန်ပစ္စည်းများ ဝယ်ယူလိုသူသည် နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူ၊
ရပ်ကွက် ထောက်ခံစာ၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် အာမခံပေးမည့်
ပုဂ္ဂိုလ်တစ်ဦး၏ ထောက်ခံချက် မူရင်းတို့ လိုအပ်မည်ဖြစ်ကာ ထောက်ခံပေးမည့်
ပုဂ္ဂိုလ်သည် ကုမ္ပဏီမှ တာဝန်ရှိသူများ အပါအဝင် ကုမ္ပဏီက ယုံကြည်ရမည့်
မည်သူမဆို ထောက်ခံပေးနိုင်ပြီး ထောက်ခံချက်ပေးမည့် သူများ၏ မှတ်ပုံတင်
မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာများ လိုအပ်မည်ဟု ကုမ္ပဏီထံမှ သိရသည်။
Ref: The Voice Weekly
0 comments:
Post a Comment