Wednesday 28 August 2013

ဝယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ

Unknown | 28.8.13 | | Best Blogger Tips










ဘောဂဗေဒပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များ
မကြာခဏကိုးကားပြောဆိုလေ့ရှိသည့် “၀ယ်သူသည်သာ
ထာဝရမှန်ကန်သည်”ဆိုသည့်ဆိုရိုးစကားမှာ မြန်မာပြည်အတွက်မူ ဟုတ်ဟန်မတူ။
ထိုစကားကို အနည်းငယ်မျှပင် သံသယရှိစရာမလိုဘဲ လက်ခံကြသည့်
လူ့အချို့တော့ရှိသည်။ ထိုသူတို့မှာ မြန်မာနိုင်ငံက
တယ်လီဖုန်းသုံးစွဲသူများပင်။



အစိုးရက ဖုန်းဆင်းမ်ကတ်တစ်ခုကို ကျပ် ၁၅၀၀ ဖြင့်ရောင်းချခဲ့ပြီး
ဝယ်လိုအားများလာသော ဖုန်းအခွံ(Handset)ဈေးကွက်ကြောင့် ရန်ကုန်အပါအ၀င်
နိုင်ငံအနှံ့တွင် ဖုန်းဟန်းဆက်အရောင်းဆိုင်များ မှိုလိုပေါက်လာခဲ့သည်။
သို့သော်လည်း အဆိုပါဆိုင်များအနက် အချို့ကသာ သူတို့ရောင်းချသည့်ပစ္စည်းများ
တစ်စုံတစ်ရာ ပြဿနာပေါ်ပါက ဖြေရှင်းပေးရန် တာဝန်ယူကြသည်။



နိုင်ငံတကာတွင်ကျော်ကြားသည့် Apple ၏ အိုင်ဖုန်းကအစ Samsung
၏နောက်ဆုံးပေါ်ဖုန်းများအလယ် HTC,Huawei အဆုံး နာမည်ကျော်တံဆိပ်များကို
သူ့ထက်ငါဦးအောင် ရောင်းချနေသော်လည်း ရောင်းပြီးနောက်
ဝန်ဆောင်မှုပေးသည့်အပိုင်းတွင်မူ ကြော်ငြာထားသလို ၀န်ဆောင်မှုပေးဖို့
စိတ်အားထက်သန်ခြင်းမရှိကြ။



“အာမခံတစ်နှစ်ပေးထားတယ်ဆိုပြီး သွားပြင်တော့
တစ်လနှစ်လကြာမှရမယ်ဆိုပြီးချိန်းတယ်”ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့်
အသက် ၂၁ နှစ်အရွယ် ကိုဖြိုးက လွန်ခဲ့သည့်နှစ်လခန့်က သူ၏ Samsung S3
ဖုန်းပျက်စဉ်က အတွေ့အကြုံကို ပြောပြသည်။



Samsung ၏ မြန်မာနိုင်ငံအတွက် တရားဝင်ဖွင့်လှစ်ထား သည့် ပြုပြင်ရေးဌာနသို့
သွားရောက်အကြောင်းကြားသော်လည်း ၎င်းတို့ထံမှ ၀ယ်ယူခြင်းမဟုတ်သောကြောင့်
ပြင်ဆင်ပေးရန်ငြင်းဆန်ခဲ့ကြောင်း ကိုဖြိုးကပြောသည်။



ကိုဖြိုးကဲ့သို့ပင် အရောင်းဆိုင်များမှရောင်းပြီး ပစ္စည်းကိုတာဝန်မယူမှုများ ကြုံတွေ့ရသူ အများအပြားရှိခဲ့သည်။



“ဖုန်းဝယ်တာ Samsung Glaxy Ace ကိုရီးယားဖြစ်ဆိုပြီး ပြောရောင်းတယ်။
ဖုန်းကိုကြည့်တော့ ဗီယက်နမ်ဖြစ်နေတယ်။ ဆိုင်ကိုဖုန်းဆက်ပြောတော့
ဆိုက်ရောက်တဲ့နေရာချင်းပဲကွာတာ။ ဖုန်းအသားမှာ တံဆိပ်ရိုက်ထားတာ ပဲလို့
ပြောတယ်”ဟု တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်းအနီး
ဟန်းဆက်အရောင်းဆိုင်နှင့် ဖြစ်ပွားခဲ့သည့်ပြဿနာကို ကာယကံရှင်က 7Day Daily
သို့ ပြောသည်။



ဈေးကွက်ထဲတွင်ရောင်းချနေသည့် Samsung အမှတ်တံဆိပ်ပါပစ္စည်း တိုင်းကို
အာမမခံနိုင်ကြောင်း Samsung ၏ မြန်မာပြည်ရုံးခွဲမှ
အထွေထွေမန်နေဂျာကပြောသည်။ ဈေးကွက်အတွင်း Samsung ဟု ရောင်းချနေသော
ဟန်းဆက်များထဲတွင် Samsung မှ တရားဝင်တင်သွင်းထားခြင်းမဟုတ်ဘဲ
ရောင်းချနေသည့် ဟန်းဆက်အများအပြားရှိနေခြင်းကြောင့် ထိုပစ္စည်းများအတွက်
အာမခံချက်မပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။



Samsung အမှတ်တံဆိပ်ဖြင့် တရားဝင်ရောင်းချပေးနေသည့် ဟန်းဆက်အရောင်းဆိုင်မှာ
တစ်နိုင်ငံလုံးတွင် ဆိုင်နှစ်ဆယ်ခန့်ရှိပြီး
ထိုဆိုင်များမှရောင်းချပေးနေသည့် ပစ္စည်းများနှင့် Samsung ၏
ပစ္စည်းအစစ်အမှန်များကိုသာ တရားဝင်အာမခံပေးကြောင်း
အဆိုပါအထွေထွေမန်နေဂျာကပြောသည်။



“Samsung Service ဆိုင်တွေမှာလာပြင်တဲ့ ပစ္စည်းဆိုရင် ကြည့်လိုက်တာနဲ့
သိသာတယ်။ တရားဝင်သွင်းတဲ့ပစ္စည်း ဟုတ်လား မဟုတ်လားဆိုတာ။
အခုနောက်ပိုင်းဖုန်းတွေဆိုရင် တရားဝင်သွင်းထားတဲ့ဖုန်းတွေမှာ
ကုတ်နံပါတ်တို့၊ မြန်မာဖောင့်တို့ပါတယ်။ ဒါပေမဲ့ တရားဝင်မဟုတ်တဲ့
ဖုန်းတွေမှာကျတော့ အဲဒါတွေမပါတော့ဘူး။ အဲဒီဖုန်းတွေဆိုရင်
ဆိုင်ကတာဝန်မယူပေးဘူး”ဟု Samsung ၏ မြန်မာပြည်ရုံးခွဲမှ အထွေထွေမန်နေဂျာ
ဦးဇာနည်ဝင်းထက်ကပြောသည်။



တရားဝင်ဖွင့်လှစ်ခြင်းမဟုတ်ဘဲ Samsung အမည်တပ်ကာ ဖွင့်လှစ်ထားသည့်
အခြားဟန်းဆက်ဆိုင်များကိုလည်း Samsung အမှတ်တံဆိပ်သုံးစွဲမှုနှင့်ပတ်သက်ပြီး
ညှိနှိုင်းဆွေးနွေးမှုများ ပြု လုပ်နေကြောင်း ၎င်းကပြောသည်။



“ရေရှည်မှာတရားစွဲဆိုတာတွေ ဖြစ်လာနိုင်တယ်”ဟု ဦးဇာနည်ဝင်းထက်ကပြောသည်။



မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းကို လူလတ်တန်းစားများ
လက်လှမ်းမီသုံးစွဲလာနိုင်သည်မှာ သုံးနှစ်ဝန်းကျင်သာရှိဦးမည်။ ထို့ကြောင့်
ဖုန်းဟန်းဆက်ကဲ့သို့သော ပစ္စည်းများမှာ လူအများနှင့်နီးစပ်မှုမရှိပါ။



ထိုကဲ့သို့ သုံးစွဲသူများ၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ
ပုံစံတူတံဆိပ်အတုများ၊ အရည်အသွေးညံ့ပစ္စည်းများရောင်းချခြင်း၊
ဖုန်းအတွင်းသို့ ဆော့ဖ်ဝဲ Application များ ထည့်သွင်း၍ ငွေကြေးမ
တန်မရာတောင်းခံခြင်းများ၊ ၀န်ဆောင်မှုကိုပြရောင်း ကာ
ရောင်းပြီးပစ္စည်းများအတွက် တာဝန်ယူဖြေရှင်းမှုမရှိခြင်းတို့က
ဟန်းဆက်ဝယ်သူများ နေ့စဉ်ကြုံတွေ့နေရသည်။



မြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲသူအများစု လက်ခံအားပေးနေသည့် Huawei
အမှတ်တံဆိပ်ပါ ဟန်းဆက်များသည်လည်း အထက်ပါကဲ့သို့
အခက်အခဲများကြုံတွေ့နေရကြောင်း သုံးစွဲသူများကပြောသည်။



“Huawei တံဆိပ်ပစ္စည်းတွေ အဓိကရောင်းတဲ့ဆိုင်ကို သွားဝယ်တယ်။
အာမခံပေးထားပေမယ့် သွားပြင်တော့အဆင်မပြေဘူး။ ဈေးတွေလျှော့ ပြီးရောင်းတယ်။
ပစ္စည်းကျ အမှန်အကန်မရောင်းဘူး။ ရောင်းပြီးဝန်ဆောင် မှုကတော့ ဘာမှမရှိဘူး။
Huawei ကိုဆက်သွယ်ပြီး မေးမြန်းကြည့်တော့ အဲဒီဆိုင်က Huawei ရဲ့
တရားဝင်ရောင်းချခွင့်ပေးထားတဲ့ ဆိုင်မဟုတ်ဘူးလို့ အကြောင်းပြန်တယ်”ဟု
လှည်းတန်းစံရိမ်ငြိမ် ၆ လမ်းထိပ် ဟန်းဆက်ဆိုင်တွင်
ဝယ်ယူခဲ့သူတစ်ဦးကပြောသည်။



အဆိုပါပြဿနာများကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကို Huawei ၏
မြန်မာနိုင်ငံဆိုင်ရာရုံးများသို့ ဆက်သွယ်မေးမြန်းရာတွင် စာနယ်ဇင်းများထံ
ဖြေကြားလေ့ရှိသည့် Huawei မှ တာဝန်ရှိသူများက ဖြေကြားရန်ငြင်းဆိုခဲ့သည်။



အခြားနာမည်ကျော်အမှတ်တံဆိပ်များဖြစ်သော iphone, HTC,Sony, LG မှစပြီး
တံဆိပ်မျိုးစုံ ၀ယ်ယူသုံးစွဲနေရသည့် ပြည်တွင်းမှသုံးစွဲသူများလည်း
အလားတူပြဿနာများ ကြုံတွေ့ရသူများစွာရှိနေကြောင်း သိရသည်။



မြန်မာနိုင်ငံရှိ လူသိများသည့် လျှပ်စစ်ပစ္စည်း၊ ဖုန်းဟန်းဆက်ပစ္စည်း များ
ရောင်းချသည့် ဆိုင်ကြီးများအပါအ၀င် အရောင်းဆိုင်များသည်
ဝယ်ယူသုံးစွဲသူများအပေါ် ရောင်းချပြီးနောက်ပိုင်းကတိပြုထားသည့်
ဝန်ဆောင်မှုကိုပေးရန်ပျက်ကွက်မှုအမြောက်အများရှိကြောင်း
မြန်မာနိုင်ငံစားသုံးသူကာကွယ်သူများအသင်းသို့
တိုင်ကြားလာမှုများကိုအခြေခံပြီး ယင်းအသင်း၏ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကပြောသည်။



ရောင်းချသည့်ဆိုင်များသည် အလွန်အကျွံကြော်ငြာမှုများ ပြုလုပ်နေပြီး
သုံးစွဲသူဘက်မှ၎င်းတို့ဝန်ဆောင်မှုအပေါ် စောဒကတက်လာပါက ဖြေရှင်းပေးရန်
ငြင်းဆန်နေသည့် နာမည်ကျော်လျှပ်စစ်ပစ္စည်းအရောင်းဆိုင် များ ပင်ရှိကြောင်း
၎င်းကပြောသည်။



“များသောအားဖြင့် ဖြေရှင်းမပေးနိုင်ဘူး။ သူတို့ထိခိုက်တဲ့ကိစ္စပေါ်လာမှ
လိုက်လျောတာများတယ်။ ဥပမာဆိုင်နာမည်ကို မီဒီယာတွေကတစ်ဆင့် ပြောတာတွေကျမှ
ဖြေရှင်းပေးတယ်”ဟု ဦးဗအုပ်ခိုင်ကပြောသည်။



ဟန်းဆက်အရောင်းဆိုင်အချို့က ကျင့်ဝတ်မလိုက်နာဘဲ အလွန်အကျွံအာမခံကာ
ရောင်းချခြင်းကြောင့် ပြဿနာဖြစ်ပွားမှုများရှိသကဲ့သို့ သုံးစွဲသူများဘက်က
အာမခံကိုနားလည်မှုလွဲမှားသောကြောင့် ဖြစ်ပွားသည့် ပြဿနာများလည်းရှိကြောင်း
အင်းစိန်မြို့နယ်အတွင်းမှ ဟန်းဆက်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။



“သုံးစွဲသူဘက်က အမှားကြောင့်ဖြစ်တဲ့ပြဿနာတွေကိုကျရင်တော့
အာမခံပေးလို့မရဘူး။ တချို့ကအာမခံထဲက စာကိုသေချာမဖတ်တာလည်းရှိတယ်”ဟု
၎င်းကပြောသည်။



ပြည်တွင်းတွင် ဟန်းဆက်တင်သွင်းသူအများစုသည် တရားဝင်တင်သွင်းခြင်းမဟုတ်ဘဲ
မှောင်ခိုလမ်းကြောင်းမှ တင်သွင်းကြခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများသည်
အရည်အသွေးပိုင်းဆိုင်ရာ အာမခံချက်မရှိသည့် ပစ္စည်းများဖြစ်ကြောင်း
ဖုန်းအရောင်းဆိုင်များကပြောသည်။ သို့သော်လည်း ယင်းဟန်းဆက်များကို
ပြည်တွင်းဆိုင်များက အာမခံပေးမည်ဟု လိမ်လည်ရောင်းချမှုများရှိကြောင်း
၎င်းတို့ကပြောသည်။



“ကျွန်တော်တို့ ဒိုင်တွေဆီက ၀ယ်တာတောင် ၁၀ လုံးလောက်ဝယ်မှ ကတ်ဖတ်၊ မဖတ်
စစ်ခွင့်ရတယ်။ သုံးရက်အတွင်း ပြန်မလဲလို့ ကိုယ့်လက်ထဲပျက်ရင်အဆုံးပဲ။
ဒိုင်ကတောင် သုံးရက်ပဲ အာမခံပေးတယ်။ ဆိုင်တွေက တစ်နှစ်လောက်
အာမခံပေးတယ်ဆိုတာ စဉ်းစားစရာရှိတယ်”ဟု အင်းစိန်မြို့နယ်အတွင်းမှ
ဟန်းဆက်အရောင်းဆိုင်တစ်ခုမှ ပိုင်ရှင်ကပြောသည်။



နိုင်ငံတကာတွင်တော့ စားသုံးသူများ၊ ပစ္စည်းသုံးစွဲသူများကို ရောင်းချသူများ
ဘက်မှ ကတိက၀တ်ဖောက်ဖျက်ပါက ကူညီအရေးယူဆောင်ရွက်ပေးသည့်
အဖွဲ့အစည်းများရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးသည့်
ဥပဒေများမရှိခြင်းကြောင့် ယခုကဲ့သို့
နစ်နာမှုများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ပညာရှင်များကပြောသည်။



အာဆီယံနိုင်ငံများတွင် စားသုံးသူအရေးယူဆောင်ရွက်မှုဆိုင်ရာ
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားသည်။ ထိုအဖွဲ့၏
စားသုံးသူကာကွယ်ရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသည့်ဌာနများ (သို့မဟုတ်)
အဖွဲ့အစည်းများစာရင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း
ဖော်ပြထားသည်။



စားသုံးသူများ၊ သုံးစွဲသူများ ကြုံတွေ့နေရသည့် အခက်အခဲများကို
ဖြေရှင်းဆောင်ရွက်ပေးမည့်အစီအစဉ်ကို အဆိုပါဝန်ကြီးဌာနသို့ 7Day Daily က
အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားမည့်အရာရှိ
လွှတ်တော်သို့ သွားရောက်နေကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။
အခြားအဆင့်ဝန်ထမ်းများကလည်း မေးမြန်းသည့်မေးခွန်းများကို ဖြေကြားရန်
ငြင်းဆန်ခဲ့ကြသည်။



သို့သော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
စားသုံးသူရေးရာဌာနခွဲမှ စားသုံးသူများ၏ တိုင်တန်းချက်များကို မကြာမီ
လက်ခံဖြေရှင်းမည်ဖြစ်ကြောင်း အဆိုပါဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး
ဦးမောင်မောင်ထွန်း၏ ပြောစကားများကိုကိုးကား၍ အပတ်စဉ်ထုတ်
စိုက်ပျိုးရေးနှင့် စီးပွားရေးသတင်းဂျာနယ်ဖြစ်သည့် The Farmer က ရေးသားသည်။
ဝန်ကြီးဌာနက စားသုံးသူအကာအ ကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရန်
ကြိုးစားနေကြောင်း၊ ဥပဒေပေါ်ပေါက်လာပါက စားသုံးသူများ၏ တိုင်တန်းချက်များကို
ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဦးမောင်မောင်ထွန်းကို ကိုးကားပြီး
ရေးသားထားသည်။



“ဥပဒေကိုအတည်ပြုပြီးရင် ကျွန်တော်တို့ စားသုံးသူရေးရာဌာနခွဲကို
တိုင်ကြားနိုင်ပါပြီ”ဟု သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့ရှိ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဆောက်အအုံတွင် ကျင်းပသည့်
စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲအတွင်း ဦးမောင်မောင်ထွန်း၏
ပြောစကားများကို ကိုးကားပြီး အဆိုပါဂျာနယ်က ရေးသားသည်။



ယခုအချိန်အထိ နာမည်ကျော်ဟန်းဆက်ကုမ္ပဏီများက ၎င်းတို့အမှတ်တံဆိပ်ရိုက်နှိပ်ကာ
ရောင်းချနေသည့် ကုန်ပစ္စည်းများ၊ ကုမ္ပဏီမှ အာမခံသည်ဟု
ရောင်းချသည့်ပစ္စည်းများကြောင့် စားသုံးသူများ၏နစ်နာနေမှုကို ဖြေရှင်းပေးရန်
ထင်သာမြင်သာသည့် ကြိုးစားအားထုတ်မှု တစ်စုံတစ်ရာ မတွေ့သေးပေ။



ထို့အတူ အစိုးရဘက်ကလည်း တိုင်းသူပြည်သားများ ကုန်ပစ္စည်းဝယ်ယူသုံးစွဲရာတွင်
ဖြစ်ပေါ်နေသည့် အခက်အခဲများကို တားဆီးဖြေရှင်းပေးမှုများလည်း မတွေ့ရသေး။



ဘောဂဗေဒပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များက
မကြာခဏကိုးကားပြောဆိုသည့် “၀ယ်ယူသူသာ ထာဝရမှန်ကန်သည်”ဆိုတဲ့ဆိုရိုးက
မြန်မာပြည်မှ ဟန်းဆက်ဝယ်ယူသူများအတွက်တော့ ပြောင်းပြန်ဖြစ်သွားခဲ့သည်။
“၀ယ်သူသာ ထာဝရခံနေရဆဲဖြစ်သည်”။



ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- ထွန်းခိုင်၊ ခန့်ထက်၊ ဆွေမွန်
 


7Day News Journal


 


 Ref : http://www.thithtoolwin.com/


 






0 comments:

Post a Comment