Tuesday, 10 September 2013

မလေးရှားမှ မြန်မာအားလုံး တရားဝင်အလုပ်သမားဖြစ်စေရေး သံရုံးကို တောင်းဆို

Unknown | 10.9.13 | | Best Blogger Tips







 


မင်းမင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၆ မိနစ်


မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာများအားလုံးကို တရားဝင်
အလုပ်သမားများ ဖြစ်စေရေး ဆောင်ရွက်ပေးရန်
မလေးရှားအခြေစိုက်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ၈၈ မျိုးဆက်အဖွဲ့နှင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တို့က ထိုနိုင်ငံရှိ
မြန်မာသံရုံးကို စက်တင်ဘာ ၇ ရက်ကတောင်း ဆိုလိုက်သည်။



မလေးရှားအစိုးရက ယခုလဆန်းမှစတင်၍ ၎င်းတို့နိုင်ငံအတွင်းရှိ
တရားမ၀င်လုပ်သားများကိုဖမ်းဆီးလျက် ရှိရာ မြန်မာလုပ်သား ၅၅၀ ကျော်လည်း
အဖမ်းခံထားရသဖြင့် ထိုအဖွဲ့များက ကြေညာချက် ထုတ်ပြန်တောင်းဆို
လိုက်ခြင်းဖြစ်သည်။



မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော်ရှိသည့်အနက်
တရားဝင်အလုပ်သမားသုံး သိန်းခန့် သာရှိပြီး တရားမ၀င်လုပ်သားလေးသောင်းနှင့်
ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်
ဦးတင်လတ်က ဇွန်လဆန်းက နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။



မလေးရှားရောက် အဖွဲ့အစည်းနှစ်ခုက ဖမ်းဆီးခံထားရသော
တရားမ၀င်မြန်မာအလုပ်သမားအားလုံး လွတ်မြောက်ရေး ကိုလည်း
သံရုံးကဆောင်ရွက်ပေးရန် ကြေညာချက်တွင် ထည့်သွင်း တောင်းဆို ထားသည်။



စက်တင်ဘာ ၁ ရက်က စတင်ခဲ့သည့် မလေးရှားအစိုးရ၏ တရားမ၀င်လုပ်သားများ
ဖမ်းဆီးသည့် စစ်ဆင်ရေးကြောင့် မြန်မာများအပါအ၀င် တရားမ၀င်အလုပ်သမားပေါင်း
ရှစ်ထောင်ကျော် အဖမ်းခံခဲ့ရသည်။



ယင်းကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ညှိနှိုင်းရန် မြန်မာအစိုးရကလည်း
ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့
ထွက်ခွာသွားပြီဖြစ်သည်။



မြန်မာအစိုးရသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော
တရားမ၀င်မြန်မာလုပ်သားများကို တရားဝင် နေထိုင်ခွင့် ရရှိရေးအတွက်
ထိုင်းအစိုးရနှင့်ညှိနှိုင်းနိုင်ခဲ့သော်လည်း မလေးရှားအစိုးရနှင့်မူ
ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိမသိရသေးပေ။



လက်ရှိတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများကို နိုင်ငံသားမှန်မမှန်
သံရုံးကစိစစ်ပြီး တရားဝင် ပြန်လည်ခေါ်ယူသွားမည်ဟု
သမ္မတ၏ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သည့်
ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က
ထုတ်ဖော်ရေးသားခဲ့သည်။





Ref: Mizzima - News in Burmese












0 comments:

Post a Comment