Unknown  | 
26.7.13  | 
သတင်း
|
အသိပေးခြင်း
 
 
 
မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များ ပြည်တော်ပြန်ရန် 
ပေးဆောင်နေသည့် ဒဏ်ကြေးကို ရုတ်တရက် ရှစ်ဆခန့် တိုးမြှင့်ခဲ့ရာ ယခင် 
ကောက်ခံသည့် ရင်းဂစ် ၄၀၀ အတိုင်း ပြန် လည် ခွင့်ပြု မပြု မလေးရှား အစိုးရက 
ယနေ့ အကြောင်းပြန် မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် 
လူမှုဖူလုံရေး ဝန်ကြီးဌာန မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
 
 မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှု နောက် ပိုင်း 
ပြည်တော်ပြန်မည့် မြန်မာ လုပ်သားများထံမှ အထူး ဖြတ်သန်းခွင့် (Special 
Pass) အဖြစ် ဒဏ်ကြေး ကောက်ခံသည့် ရင်းဂစ် ၄၀၀ နှုန်း ထားဖြင့် ပြန်လည် 
ကောက်ခံပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၊ မလေးရှားရောက် မြန်မာ
 လုပ်သားများကို ကူညီပေးနေသည့် ဧရာဝတီ ဖောင်ဒေးရှင်း အပါအဝင် လူမှု 
အဖွဲ့အစည်းများက မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးကို 
တောင်းဆိုခဲ့သဖြင့် ယင်းသို့ အကြောင်းပြန်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက 
ဆိုသည်။
 
 အထူး ဖြတ်သန်းခွင့် ထုတ်ပေးရန် တစ်ဦးလျှင် ရင်းဂစ် ၄၀၀ 
နှုန်းဖြင့် ကောက်ခံနေရာမှ ဇူလိုင်လ တတိယပတ်တွင် မလေးရှား အစိုးရက ရင်းဂစ် 
၃၀၀၀ သို့ ပြောင်းလဲ ကောက်ခံခဲ့သဖြင့် မြန်မာနိုင်ငံ သားများ အခက်အခဲ 
ကြုံတွေ့နေရကြောင်း မလေးရှားရောက် မြန်မာ များထံမှ သိရှိရသည်။
 
 
မလေးရှားနိုင်ငံတွင် တစ်လကျော်ကြာ တရားမဝင် နေထိုင်ပြီး နောက်ပိုင်းမှ 
စတင်၍ တစ်ရက်လျှင် ရင်းဂစ် ၃၀ နှုန်းဖြင့် ပေးလျော်ရကြောင်း နိုင်ငံကူး 
လက်မှတ် (Passport) ရှိသော်လည်း ဗီဇာ သက်တမ်း ကုန်ဆုံးပြီး ခွင့်ပြုချက် 
(Permit) မရှိဘဲ နှစ်ကာလအထိ နေထိုင်ပါက ရင်းဂစ် ၃၀၀၀ ပေးဆောင်ရန် 
မလေးရှားနိုင်ငံတွင် ဥပဒေ ထုတ်ပြန်ထားသည်။
 
 မြန်မာနိုင်ငံသို့ 
ပြန်ရန် စာရင်း ပေးထားသူ ၃၀၀၀ ဦး ရှိသည့်အနက် ၄၀၀ ကို မြန်မာနိုင်ငံသို့ 
ပို့ဆောင် ပြီးဖြစ်ပြီး ကျန် ၂၆၀၀ ခန့် ကျန်ရှိနေသေးကြောင်း၊ အဆိုပါ 
လုပ်သားများ Special Pass ရရှိရေး အတွက် ဒဏ်ကြေးကို သီတဂူ ဆရာတော် 
အထောက်အကူပြု အဖွဲ့က ကျခံပြီး လေယာဉ် လက်မှတ် ကို ဧရာဝတီ ဖောင်ဒေးရှင်းက 
ကျခံပေးခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး 
ဝန်ကြီးဌာနထံမှ သိရှိရသည်။
 
 ပြည်တော် ပြန်လိုသူများ လူစုပြီး 
Special Pass သွားရောက်ရာတွင် နှစ်ပတ် ခန့် ကြာမြင့်ခဲ့သော်လည်း ဒဏ်ကြေး 
၃၀၀၀ ထိ တိုးမြှင့်လိုက်သည့် နောက် ပိုင်းတွင် နေ့ချင်းပြီး ထုတ်ပေးနေပြီး 
တစ်ရက်လျှင် လူ ၈၀ ခန့် ထုတ်ပေးနေကြောင်း လုပ်သားများထံမှ သိရှိရသည်။
  
Ref:  http://www.thithtoolwin.com/
 
 
 
 
          
      
 
  
 
 
 
0 comments:
Post a Comment